logo

Directorate of Industrial Supervision and Inspection

Myanmar
The Republic of the Union of Myanmar
Ministry of Industry

News

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ပြုလုပ်သည့် Business Plan သင်တန်း ၊ Business Plan ပြိုင်ပွဲ ၊ SME များအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ

Posted Date : 08/05/2018 06:30:00
Posted By : DISI
State/Region : Nay Pyi Taw Headquarter

http://www.disionline.gov.mm/common/fileuploads/27f0b56b5731ec68a4ff907b346f67de.jpg

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် တွင် Business Plan သင်တန်း ၊ Business Plan ပြိုင်ပွဲ ၊ SME များအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်း


စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန နှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(MFVP) တို့ ပူးပေါင်း၍ Dana Facility ၊ UK aid အဖွဲ့အစည်းတို့၏ ထောက်ပံ့ကူညီမှုဖြင့် ထောပတ်၊ ကော်ဖီ နှင့် ဝဥ သီးနှံများ တန်ဖိုးမြှင့် ကွင်းဆက် အဆင့်မြှင့်တင်ခြင်းအားဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ တောင်ပေါ်သူ/သားများ၏ စီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအဖြစ် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စီးပွားရေးအစီအစဉ်များ ရေးဆွဲခြင်း သင်တန်း ( Business Planning Training) ကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ နေ့စဉ် နံနက် ၈:၀၀ နာရီမှ ညနေ ၅:၃၀ ထိ အချိန်ပြည့် (၁၀) ရက်တိတိဖွင့်လှစ်ခဲ့ရာ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်တို့မှ ထောပတ်သီး၊ ကော်ဖီ၊ ဝဥ စိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်(၁၇) ဦး၊ Agro- based Tourism လုပ်ငန်းရှင်(၃) ဦး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်များ ဝန်ဆောင်မှုလုပ်ငန်းရှင်(၁)ဦး၊ ရေသန့်လုပ်ငန်းရှင်(၁)ဦး၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်(၁) ဦး ၊ စုစုပေါင်း SME လုပ်ငန်းရှင် (၂၃) ဦးတက်ရောက် ခဲ့ပြီး နည်းပြများအဖြစ် Empower အဖွဲ့မှ ဒေါ်ယဉ်ယဉ်မျိုး( ရန်ကုန်)၊ ဦးအုပ်စိုး(အောင်ပန်းမြို့) နှင့် Ms. Jeannie (Thailand) တို့မှ သင်ကြားပေးခဲ့ပါသည်။

သင်တန်းတွင် CEFE-Based Business Plan Training သင်ရိုးများ တွင်ပါဝင်သော လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်အား ဆုံးဖြတ်ခြင်း၊ ဈေးကွက်ထိုးဖောက်ခြင်းအစီအစဉ်၊ နည်းပညာစီမံမှု အစီအစဉ်၊ ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များ အစီအစဉ်ချမှတ်မှုပုံစံ၊ ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်များ စသည့်သင်ခန်းစာများအား နည်းပြများက သင်ကြားစဉ်မှာပင် သင်တန်းသား များကလည်း မိမိလုပ်ငန်းနှင့် ကိုက်ညီသော စီးပွားရေးအစီအစဉ် များကို သက်ဆိုင်ရာ ကိန်းဂဏန်းများနှင့်တကွ သတ်မှတ် ထားသော ပုံစံများတွင် စနစ်တကျ စဉ်းစား တွက်ချက် ထည့်သွင်းရေးဆွဲလာခဲ့သဖြင့် သင်တန်းပြီးသည့်နေ့တွင် သင်တန်းသား လုပ်ငန်းရှင်များအနေဖြင့် သင်တန်းမှ သင်ကြားပေးခဲ့သော စီးပွားရေး အသိအမြင် ဗဟုသုတများ ရရှိခဲ့သည့်ပြင် မိမိလုပ်ငန်းနှင့်သက်ဆိုင်ရာ စီးပွားရေး အစီအစဉ် ( Business Plan ) ကိုလည်း ရေးဆွဲပြီးလည်းဖြစ် သည့်အတွက် တက်ရောက်သူ SME လုပ်ငန်းရှင်များ အတွက် အလွန်အကျိုးရှိသည့်သင်တန်းဖြစ်ပါသည်။

သင်တန်းသားများသည် ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့တွင် မင်းတပ်မြို့၊ အထက(၁)ကျောင်းခန်းမတွင် ဆက်လက်ကျင်းပမည့် Business Plan ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး A-Bank (ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်) မှ ဆုများချီးမြင့် သွားမည်ဖြစ်ပြီး ကောင်းမွန်သော စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးအတွက်လည်း တိုက်ရိုက် ချိတ်ဆက်နိုင်ကြမည်ဖြစ်ပါသည်။ ပြိုင်ပွဲတွင် စီမံကိန်း အောင်မြင်နိုင်မှုစွမ်းရည်၊  လုပ်ငန်းရှင်၏ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းစွမ်းရည်များ၊ စီမံကိန်းသည် စီးပွားရေးနယ်ပယ်တွင် ဝင်ရောက်နိုင်မည့် အခြေအနေတို့အပေါ်မူတည်၍ အကဲဖြတ်ဒိုင်များမှ အမှတ်ပေး ဆုံးဖြတ်သွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲအား စိတ်ဝင်စားသူမည်သူမဆို လာရောက်ကြည့်ရှု လေ့လာ  နိုင်ပါသည်။ ဆက်လက်၍ ၂၀၁၈ ရက်နေ့ မေလ ၃ ရက်နေ့တွင်လည်း အသေးစားအလတ်စားလုပ်ငန်းများ (SMEs) အကြောင်းသိကောင်းစရာ၊ ကုမ္မဏီများတည်ထောင်လည်ပတ်ခြင်း၊ ကုမ္မဏီများမှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ချင်းပြည်နယ်တွင် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာအခွင့်အလမ်းများအကြောင်း၊ RBF Myanmar – Reponsible Business Fund ( ဒိန်းမတ်အစိုးရ အထောက်အပံ့ဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ကျပ်သိန်း ၄၀၀ မှ ၈၀၀ အထိသတ်မှတ်ထားသော ဧရိယာအလျောက် အထောက်အပံံ့ပေးနေသော ရန်ပုံငွေအဖွဲ့) လျောက်ထားပုံများ အကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို နံနက် ၀၉၀၀ နာရီမှ ၁၆၀၀ နာရီအထိ မင်းတပ်မြို့ အထက(၁) ကျောင်းခန်းမ တွင်ပင် ကျင်းပသွားမည်ဖြစ်၍ လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ပါသည်။ ကုမ္မဏီထူထောင်ရန် သို့်မဟုတ် အသေးစားနှင့်အလတ်စား လုပ်ငန်းများ ထူထောင်ရန်စိတ်ဝင်စားသူများအား တစ်ပါတည်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။



27f0b56b5731ec68a4ff907b346f67de.jpg
e5f4d74089083ba8db54b08c486ad50c.jpg
e0e25e3abbe35caa93083b10f342619b.jpg